ကလေးဝ ဇူလိုင် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ကတ်ပြားနှင့် UID ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက အမှတ် (၂) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးအောင်ကျော်မိုးက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ပြောကြားသည်။ ထိုနောက် အသက် (၁၀) နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူ ၁၅၂ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ထုတ်ပေးခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးမောင်လွင်က နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့်ပြီးသူ ကျောင်းသား၊ ကျောင်းသူများအား လိုအပ်သော စာရွက်စာတမ်းအထောက်အထားများ၊ ဇီဝဆိုင်ရာအချက်အလက်များကို ကောက်ယူစစ်ဆေးပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)