မိုးညို ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဘုရားငူကျေးရွာရှိ မဏိစည်သူမင်းတရားကြီးတည်ထားကိုးကွယ်တော်မူခဲ့သော ရွှေဘုန်းပွင့်ဆုတောင်းပြည့်ဖောင်တော်ဦးစေတီတော်မြတ်ကြီးတွင် ယနေ့နံနက်ပိုင်းမှစ၍ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိသည်။
ယနေ့သည် ၁၃၈၈ ခုနှစ် ဝါဆိုလပြည့်နေ့ဖြစ်သည့်အတွက် ဘုရား၊ စေတီ၊ ပုထိုးများတွင် သီလဆောက်တည်ခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ မြတ်စွာဘုရားရှင်အား ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်း၊စတုဒိသာများ ကျွေးမွေးခြင်းဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ကောင်းမှုကုသိုလ်များ ပြုလုပ်လျက်ရှိရာတွင် မိုးညို - မင်းလှသွား ကားလမ်းမကြီးဘေး ဘုရားငူကျေးရွာရှိ ရွှေဘုန်းပွင့်ဆုတောင်းပြည့်ဖောင်တော်ဦးစေတီတော်မြတ်ကြီး၌ ဘုရားဖူးလာရောက်သူများ စည်ကားလျက်ရှိပြီး ဘုရားဖူးလာရောက်သူများက မြတ်စွာဘုရားရှင်အား ပန်း၊ ဆီမီး၊ ရေချမ်းကပ်လှူခြင်း၊ အလှူငွေများ ထည့်ဝင်လှူဒါန်းခြင်း၊ ဘုရားဖူးလာရောက်သူများအား အာဟာရဒါနစတုဒိသာများဖြင့် ကျွေးမွေးဧည့်ခံခြင်းဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက်ရှိ သည်။
အဆိုပါဘုရားဖူးလာရောက်ရာတွင် မိုးညိုမြို့ပေါ်နှင့် ကျေးရွာများမှ ဘုရားဖူးပြည်သူများက ကား၊ ဆိုင်ကယ်၊ စက်လှေများဖြင့် တပျော်တပါး ဘုရားဖူးလာရောက်လျက်ရှိပြီး လှေပြိုင်ပွဲများလည်း ပြုလုပ်လျက်ရှိကြောင်းသိရသည်။
ကိုမင်း(ပြန်/ဆက်)