မော်လမြိုင်ကျွန်း ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီ မိနစ် ၃၀ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလှိုင်က အမှာစကားပြောကြားရာ၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် နိုင်ငံတော်၏ မူဝါဒများနှင့် ဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည်ပြီး ပြည်သူဗဟိုပြုအုပ်ချုပ်ရေးလုပ်ငန်းများကို တာဝန်သိသိ၊ စည်းကမ်းရှိရှိ၊ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြရန်နှင့် သင်တန်းမှရရှိသော အသိပညာ၊ အတွေ့အကြုံများကို လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပြီးနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးက သင်တန်းကာလအတွင်း သင်ကြားပို့ချပေးခဲ့သည့် ဘာသာရပ်များနှင့်လုပ်ငန်းအတွေ့အကြုံများကို မိမိတို့တာဝန်ကျရာ ရပ်ကွက်နှင့်ကျေးရွာများတွင် ထိရောက်စွာအသုံးချ၍ ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုအောင်မြင်စွာ ဆောင်ရွက်သွားကြရန် အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် တာဝန်ရှိသူများ၊ သင်တန်းသားအုပ်ချုပ်ရေးမှူးများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)