ငဖဲမြို့နယ် ဇီးတောကျေးရွာအုပ်စုမှတောင်သူများအား  မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက် ထုတ်ချေး

ငဖဲ  ဇူလိုင် ၂၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ  ၂၀၂၆ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့နံနက်ပိုင်းက ဇီးတောကျေးရွာအုပ်စုမှ တောင်သူလယ် သမားများအား ချေးငွေကျပ် ၁၂၃၂.၅၀ သိန်းကို ဆက်လက်ထုတ် ချေးပေးလျက်ရှိသည်။

ရှေးဦးစွာ ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာ ဒေါ်သီသီမာ က တောင်သူလယ် သမားများအား ချေးငွေနှုန်းထားတိုးမြှင့်ရေးအစီအစဉ်အရ အချိန်စေ့ရောက်ပြီး နှစ်စဉ်ချေးငွေ အရင်း၊ အတိုးနှင့် ဒဏ်တိုးများ၊ နှစ်တိုချေးငွေနှင့် နှစ်ရှည်ချေးငွေ၏ အရစ်ကျငွေ အရင်း၊အတိုးများ ပြေကျေစွာ ပေးဆပ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ရှိသည့် တောင်သူများအား ထုတ်ချေးပေးခြင်း ဖြစ်ကြောင်းနှင့် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်သီသီမာ နှင့်ဝန်ထမ်းများက ဇီးတောကျေးရွာအုပ်စုမှ တောင်သူ   ၁၀၁  ဦး၏ မိုးစပါး   ၂၀၅   ဧက နှင့် နှမ်းသီးနှံ  ၂၄၇  ဧက စုစုပေါင်း စိုက်ဧက  ၄၅၂ အတွက် ချေးငွေကျပ် ၁၂၃၂.၅၀ သိန်း ကို ထုတ်ချေးပေးခဲ့ကြောင်း နှင့် ယနေ့ထိ ကျေးရွာ အုပ်စု ၁၅ အုပ်စုအား ထုတ်ချေးပြီးစီးပြီး ထုတ်ချေးပေးရန် ကျန်ရှိသည့် ကျေးရွာအုပ်စုများအားဆက်လက်၍ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)