ပဲခူးမြို့ရှိ အထက်တန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်နှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ပဲခူး ဇူလိုင် ၂၇

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်အရ ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (ဝမ်းဘဲအင်း)တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ် (NRC) နှင့် UID ကတ်များကို ကျောင်းအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် အသက် (၁၀) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ အတွက် နိုင်ငံသားစိစစ်ရေးကတ် အသစ်ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာ အချက်အလက် (Biometric)များ ကောက်ယူမှတ်တမ်းတင်ခြင်းနှင့် UID ကတ်များ ထုတ်ပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြသည်။

လုပ်ငန်းဆောင်ရွက်နေမှုများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးမြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး၊ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များကို ကျောင်းသား၊ ကျောင်းသူများထံ တစ်ပါတည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ကျောင်းများသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ဆောင်ရွက်ပေးခြင်းသည် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အချိန်ကုန်သက်သာစေရန်၊ လိုအပ်သည့် နိုင်ငံသားအထောက်အထား စာရွက်စာတမ်းများကို အဆင်ပြေမြန်ဆန်စွာ ရရှိနိုင်စေရန်နှင့် ပြည်သူဗဟိုပြု ဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည် ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်အရ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)