ငါးသိုင်းချောင်း ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှလက်မှုရွာစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဝါးခမောက်၊ နှီးဦးထုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂း၀၀)နာရီက မအူကုန်အုပ်စု၊ စံပြကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများတွင် ဖွံ့ဖြိုးမှုဖြစ်စဥ် လေ့လာကြည့်မည်ဆိုလျင် နိုင်ငံ၏အခြေခံကျောရိုးဖြစ်သည့် အသေးစား၊ အငယ်စား ကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ပေးခြင်းသည် တိုင်းပြည်စီးပွားရေးကို နိုင်ငံအနှံ့ တိုးတက်စေပြီး ပြည်သူလူထု၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်နိုင်ကာ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာပြီး ဆင်းရဲနွမ်းပါးမှုကို လျောနည်းပပျောက်စေနိုင်ကြောင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက စီးပွားရေးမတည်ငြိမ်သော ကာလများတွင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိမ်းကြောင်းပေးနိုင်စွမ်းရှိပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ MSME အေဂျင်စီဥက္ကဋ္ဌ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် စိတ်ပါဝင်စားစွာလေ့ လာသင်ကြားရမည်ဖြစ်ကြောင်းနှင့် ကိုယ်ပိုင်လုပ်ငန်း ထူထောင်လုပ်ကိုင်ရာတွင် ကြုံတွေ့လာရသည့် အဆက်အခဲများရှိပါကလည်း ဌာနနှင့် အစဥ်မပြတ် ချိတ်ဆက်ဆောင်ရွက်သွားရန်လိုပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဖြိုးက လက်မှုရွာစီမံကိန်းလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကျုံပျော်ခရိုင်၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန့်သီတာချိုဇင်က သင်တန်းအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း (၂၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဇူလိုင်လ (၂၄)ရက်နေ့မှ သြဂုတ်လ (၂)ရက်နေ့အထိ စုစုပေါင်း (၁၀)ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)