မအူပင် ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ တလုပ်လပ် အရှေ့ကျေးရွာရှိ ကွင်းအမှတ် (၉၅၆)၊ ဦးပိုင်အမှတ် (၅၆/၂)၊ တောင်သူ ဦးကျော်စွာဝင်း၏ စိုက်ပျိုးမြေ (၃)ဧကတွင် ဆာဖိုးသာစပါးမျိုးအား ယနေ့နံနက် (၁၀) နာရီက အမှတ်(၁၉) စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပပြုလုပ်သည်။
ဦးစွာ စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးငြိမ်းချမ်းမြင့်မှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ ဖြစ်သည့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ ကောက်စိုက်ရာတွင် လူအင်အားအသုံးပြုမှုနည်းပါးခြင်းနှင့် သက်တောင့်သက်သာစိုက်ပျိုးနိုင်ခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှုပိုမိုခြင်းစသည့် အချက်များနှင့် လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်အား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံတောင်သူများမှ မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ သရုပ်ပြပွဲသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးထူးကျော်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီအဖွဲ့ဝင်များ၊ တလုပ်လပ်အရှေ့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ အမှတ်(၁၉) စက်မှုလယ်ယာစခန်း တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)