မော်လမြိုင်ကျွန်း ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်ရှိ လိုင်စင်ရစက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီများကို စနစ်တကျရောင်းချလျက်ရှိမှု၊ စံချိန်စံညွှန်းနှင့် မှန်ကန်မှု (စုံ/မ) စနစ်အတိုင်း ဆောင်ရွက်ထားရှိမှုနှင့် စနစ်တကျမှန်ကန်စွာ ရောင်းချမှုရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန့်ကြားရေးမှူး ဦးဝင်းအောင်သူနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမင်းဇော်လတ်တို့က မြို့ပေါ်ရှိ လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ စက်သုံးဆီများကို စံချိန်စံညွှန်းနှင့် မှန်ကန်မှု (စုံ/မ) စနစ်နှင့်အညီ ရောင်းချလျက်ရှိမှု၊ သတ်မှတ်ဈေးနှုန်းများနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ စီမံဆောင်ရွက်ထားရှိမှုများကို အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့ပြင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စံချိန်စံညွှန်းနှင့် မှန်ကန်မှု (စုံ/မ) စနစ်ကို တိတိကျကျလိုက်နာဆောင်ရွက်ရန်၊ စနစ်တကျမှန်ကန်စွာ ရောင်းချပေးရန်၊ စားသုံးသူအခွင့်အရေးကို အကာအကွယ်ပေးသည့် ရောင်းချမှုများ ဆောင်ရွက်ရန်နှင့် မီးဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ သတ်မှတ်ချက်များကို အလေးထားလိုက်နာဆောင်ရွက်ရန် လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများက စက်သုံးဆီဆိုင် တာဝန်ခံများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)