ပုသိမ် ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုကောင်းမွန် အားကောင်းစေရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက ညောင်တုန်းနှင့် မအူပင်မြို့များရှိ ပြည်သူ့ဆေးရုံများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ညောင်တုန်းမြို့ (၅၀) ခုတင်ဆံ့ ပြည်သူ့ဆေးရုံတွင် ဆေးရုံတက်ရောက်ကုသနေသော လူနာများအား အားပေးစကားပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံအထောက်အကူပြု အဖွဲ့များနှင့်တွေ့ဆုံကာ ဆေးရုံသန့်ရှင်းရေး၊ သောက်သုံးရေ၊ အမှိုက်စီမံခန့်ခွဲမှု၊ အများသုံး သန့်စင်ခန်းများ၊ လူနာကုသရေးအခြေအနေနှင့် ဝန်ထမ်းအိမ်ရာလိုအပ်ချက်များကို စစ်ဆေးမေးမြန်း၍ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မအူပင်မြို့ (၂၀၀) ခုတင်ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ဓာတ်ခွဲခန်း၊ သွေးလှူဘဏ်ခွဲ၊ ဓာတ်မှန်ဌာန၊ ပြင်ပလူနာကုသဆောင်၊ သားဖွားနှင့်မီးယပ်ဆောင်၊ အရိုးအကြောနှင့် ထိခိုက်ဒဏ်ရာကုသဆောင်၊ ခွဲစိတ်ဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လူနာများအား အားပေးစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံအထောက်အကူပြုအဖွဲ့များနှင့် တွေ့ဆုံစဉ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူများ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် ဆေးကုသမှုခံယူနိုင်ရေးကို အလေးထားဆောင်ရွက်ရန်၊ လူနာများအပေါ် စေတနာ၊ နွေးထွေးမှုဖြင့် ဝန်ဆောင်မှုပေးရန်နှင့် နွမ်းပါးလူနာများ ဆေးကုသမှုအခက်အခဲမရှိစေရေးအတွက် ဆေးရုံအထောက်အကူပြုအဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများက ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့သည်။ ယင်းနောက် ဆေးရုံအုပ်ကြီးနှင့် ဆေးရုံအထောက်အကူပြုအဖွဲ့တို့၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက်ညောင်တုန်းမြို့ ပန်းလှိုင်မြစ်ကမ်းနှင့် ဆားမလောက်ကျေးရွာတို့တွင် မြစ်ရေအခြေအနေ၊ မြစ်ကမ်းထိန်းလုပ်ငန်းများ၊ ရေကြီးချိန်အရေးပေါ်ကာကွယ်ရေးလုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့် ကမ်းထိန်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ တာတမံနှင့် မြစ်ကမ်းထိန်းလုပ်ငန်းများကို အစဉ်တစိုက် စစ်ဆေးထိန်းသိမ်း ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်-ပုသိမ်ကားလမ်းရှိ ကန်ကြီးထောင့်မြို့ကျောင်းကုန်းမြို့ ညောင်တုန်းမြို့တို့တွင် ပြုလုပ်သည့်မြို့အဝင် အထိမ်းအမှတ်ဆိုင်းဘုတ်ဖွင့်ပွဲ၊ မအူပင်မြို့တွင်ပြုလုပ်သည့် မြို့အဝင် အထိမ်းအမှတ်ဆိုင်းဘုတ်ဖွင့်ပွဲ ဖွင့်ပွဲအခမ်းအနားအား ဖွင့်လှစ်ပေးကာ မအူပင်မြို့ တိုးဧရာပန်းခြံကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အများပြည်သူများ အပန်းဖြေအနားယူနိုင်မည့် ပန်းခြံအသုံးပြုမှု၊ ကလေးကစားကွင်းနှင့် အပန်းဖြေဝန်ဆောင်မှုများ၊ ပန်းခြံသန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် အမှိုက်စီမံခန့်ခွဲမှုများကို စနစ်တကျဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)