ကြံခင်း ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ မြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအား စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် မှန်ခြောက်မှန်နှင့် အညီရောင်းချစေရေး၊ လက်ဝယ်သိုလှောင်၍ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် စနစ်တကျရောင်းချမှု ရှိ/မရှိတို့ကို ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီး ဌာန မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာသာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကြံခင်းမြို့နယ်အတွင်း စားအုန်းဆီလက်ကား ကိုယ်စားလှယ် (၂) ဆိုင်နှင့် လက်လီကိုယ်စားလှယ် (၃၄) ဆိုင်ရှိရာတွင် လက်လီကိုယ်စားလှယ် ဦကျော်ဝင်းမော်နှင့် ဦးကျော်ဇင်ဦးတို့၏ ဆိုင်(၂)ဆိုင်အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊ စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေး တစ်ပိဿာလျှင် ငွေကျပ် ၇၈၉၁ ဖြင့် အိမ်ထောင်စု တစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် စားအုန်းဆီများအား စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)