ပုသိမ် ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားပိုမို ဖြန့်ဖြူးပေးနိုင်ရေးအတွက် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်ရှိ ကညင်ရေလှောင်တမံတွင် Kanyin Hydro Power Co., Ltd က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ၁၀ ဒသမ ၅ မဂ္ဂါဝပ် ရေအားလျှပ်စစ်စီမံကိန်းမှ နှစ်စဉ်လျှပ်စစ်ဓာတ်အား ယူနစ် ၃၅ ဒသမ ၇၇၄ သန်းခန့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းလုပ်ငန်းခွင်သို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ဇူလိုင် ၂၂ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၉)မှ ညွှန်ကြားရေးမှူးက ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုအခြေအနေ၊ ရေယူအဆောက်အအုံများ၊ ဖိအားမြှင့်သံမဏိပိုက်လိုင်းများ၊ ရေအားလျှပ်စစ်စက်ရုံနှင့် ၃၃ ကေဗွီ ဓာတ်အားလိုင်းတည်ဆောက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေအားလျှပ်စစ်စက်ရုံအတွင်း တာဘိုင်နှင့် ဂျင်နရေတာများ တပ်ဆင်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ရာ မိုးရာသီတွင် ၃ ဒသမ ၅ မဂ္ဂါဝပ်စီ ထုတ်လုပ်နိုင်သည့် တာဘိုင်သုံးလုံးဖြင့် စက်စွမ်းအားပြည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည်ဖြစ်ပြီး နွေရာသီတွင်မူ စိုက်ပျိုးရေလိုအပ်ချက်ပေါ်မူတည်၍ စက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် Kanyin Hydro Power Co., Ltd မှ တာဝန်ရှိသူတစ်ဦးက Horizontal Francis Turbine သုံးလုံးဖြင့် စုစုပေါင်း ၁၀ ဒသမ ၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် အခြေအနေ၊ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်နိုင်ရေး ဆောင်ရွက်ထားရှိမှုများနှင့် စီမံကိန်းပြီးစီးပါက နှစ်စဉ် လျှပ်စစ်ဓာတ်အား ယူနစ် ၃၅ ဒသမ ၇၇၄ သန်းခန့် ထုတ်လုပ်နိုင်မည့် အခြေအနေများကိုရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့တွင် တည်ဆောက်လျက်ရှိသည့် ၃၃/၆၆ ကေဗွီ ဓာတ်အားခွဲရုံနှင့် ၆၆ ကေဗွီ မြန်အောင်–ဟင်္သာတ အမှတ်(၁) ဓာတ်အားလိုင်း ချိတ်ဆက်ဆောင်ရွက်ထားရှိမှုများကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ကညင်ရေအားလျှပ်စစ်စီမံကိန်းသည် ဆည်ရေသောက်စိုက်ပျိုးရေးကို အထောက်အကူပြုသည့်အပြင် လျှပ်စစ်ဓာတ်အားကိုပါ ပေါင်းစပ်ထုတ်လုပ်ပေးနိုင်မည်ဖြစ်သဖြင့် စိုက်ပျိုးရေး၊ စွမ်းအင်ကဏ္ဍနှင့် ဒေသဖွံ့ဖြိုးရေးတို့အတွက် အကျိုးပြုမည်ဖြစ်သည်။ စီမံကိန်းမှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားပမာဏအရ အိမ်ထောင်စုတစ်စုလျှင် လစဉ် ယူနစ် ၁၀၀ ခန့် အသုံးပြုသည်ဟု တွက်ချက်ပါက အိမ်ထောင်စုပေါင်း ၁၀,၅၀၀ ခန့်၏ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)