ပုသိမ် ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ လုပ်ငန်းညှိနှိုုင်းအစည်းအဝေး (၃/၂၀၂၆) ကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ-၂ ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမင်းဦးက တိုင်းဒေသကြီးအထူး အဖွဲ့များအနေဖြင့် မိမိဒေသအတွင်း တရားမဝင်ကုန်သွယ်မှုများ ဖြတ်သန်းသယ်ဆောင်မှု မရှိစေရေး Choke Point နေရာများတွင် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် တားဆီး ဖမ်းဆီးနိုင်ရေး စနစ်တကျကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ၆.၇.၂၀၂၆ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၁၁၅ / ၂၀၂၆) ဖြင့် ကုန်ပစ္စည်းတင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်းပြုလုပ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများအား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ပူးပေါင်း စစ်ဆေးရေးစခန်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် လာဘ်ပေး၊ လာဘ်ယူမှုမရှိစေဘဲ အဂတိတရားကင်းရှင်းစွာ တာဝန်ထမ်းဆောင်နိုင်ရေး တာဝန်ရှိ အဆင့်ဆင့်မှ ကြီးကြပ်ကွပ်ကဲဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့အနေဖြင့် တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရေးနှင့် တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိစေရေး အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးအောင်စန်းချစ်က တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ဖြည့်စွက်မှာကြားသည်။
ယင်းနောက် တွဲဖက်အတွင်းရေးမှူး-၁ ကိုယ်စားလက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူက ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာအမှတ် ၁၁၅/၂၀၂၆ နှင့်စပ်လျဉ်း၍ လည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး-၂ ကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်လင်းက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် ဖမ်းဆီးရမိမှုများကို လည်းကောင်း ရှင်းလင်း တင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များက တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာ စကားပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)