ဘိုကလေးမြို့နယ်၌ ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာရှိ အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် စုပေါင်းလှူဒါန်းမှုများဆောင်ရွက်

ဘိုကလေး ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ “ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာ”တွင် သီတင်းသုံးနေထိုင်လျက်ရှိသော အဘိုးအဘွားများ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းကာ ကျန်းမာရေးစောင့်ရှောက်မှု၊ သန့်ရှင်းရေးလုပ်ငန်းများနှင့် စုပေါင်းလှူဒါန်းမှုများကို ဇူလိုင် ၂၂ ရက် နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါအစီအစဉ်တွင် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ဘိုးဘွားရိပ်သာအတွင်း အဆောက်အအုံများနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းလုပ်အားဒါနပြု ဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် မြို့နယ်ဆေးရုံအုပ်ကြီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အဘိုး အဘွားများအား ကျန်းမာရေးစစ်ဆေးခြင်း၊ လိုအပ်သည့် ဆေးဝါးကုသမှုပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဝေဝေမြင့်(ပြန်/ဆက်)