မော်လမြိုင်ကျွန်း ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် မော်လမြိုင်ကျွန်းမြို့နယ်တွင် ဆန်၊ ဆီ၊ ဘဲဥနှင့် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၅) ရပ်ကွက် (၁၃) လမ်းရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ဆောင်ရွက်ပေးခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တိုင်းရင်းဆေးဦးစီးဌာန ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုစစ်ပေးခြင်း၊ သွေးတွင်း အောက်စီဂျင်များစစ်ပေးခြင်း၊ အထွေထွေရာဂါလူနာများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စားသုံးသူ ရေးရာဦးစီးဌာန ဦးစီးမှူး ဦးမင်းဇော်လတ်နှင့် တာဝန်ရှိသူများက အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီနှင့် ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ရောင်းချပေးခဲ့သည်။
အဆိုပါဆောင်ရွက်ပေးသည့်နေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်လှိုင်၊ မြို့နယ်စီးပွားရေးဘဏ်မန်နေဂျာတို့က ကြည့်ရှုအားပေးခဲ့ပြီးနောက် အငြိမ်းစားဝန်ထမ်းများ အား ကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် အာဟာရအစားစာများလည်း လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)