သာပေါင်း ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ပြည်သူများ အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် သက်ဆိုင်ရာမှဖြန့်ဝေပေးထားသော စားအုန်းဆီများကို ဈေးကွက်အတွင်း သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိကို ဇူလိုင်လ ၂၂ ရက်နေ့နံနက် ၉ နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ဈေးနှုန်း ထိန်းညှိလျော့ကျရေး ကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး(ခေတ္တ)၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိန်ဆန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ(ယာယီ)၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးသိန်း၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ၊ ကုန်ဈေးနှုန်း ထိန်းညှိလျော့ကျရေးကော်မတီ အတွင်းရေးမှူး ဦးထွန်းမင်းလတ်တို့က အောင်ဦးသာကုမ္ပဏီမှ ခွဲတမ်းရရှိသော စားအုန်းဆီအား ဆီကိုယ်စားလှယ်များက ထုတ်ယူပြီး သတ်မှတ်ကျေးရွာများသို့ သတ်မှတ်ရည်ညွှန်းဈေး ဆီစာအုပ်ဖြင့်ကျယ်ကျယ်ပြန့်ပြန့် ရောင်းချပေးရန် မြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ၊ လက်ကားရောင်းချသည့်နေရာများသို့ သွားရောက်ကာ စားအုန်းဆီ ကွင်းဆင်းစစ်ဆေးရာတွင် မှန် (၆) မှန်ဖြစ်သည့် နိုင်ငံတော်မှခွဲတမ်းဖြင့် ချထားပေးသော စားအုန်းဆီများကို ပြည်သူများထံ ပြန်လည်ရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် မှန်ကန်စွာရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန်မှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိ၊ အရည်အသွေး ပြည့်ဝမှန်ကန်စွာ ရောင်းချခြင်းရှိ/မရှိ၊ နေရာအချိန် တိကျမှန်ကန်စွာ ရောင်းချခြင်းရှိ/မရှိနှင့် ပြည်သူများထံသို့ အမှန်တကယ် ရောင်းချခြင်းရှိ/မရှိစသည့်တို့ကို စစ်ဆေးခဲ့ကြပြီး ပြည်သူ များအား ရောင်းချရာတွင်လည်း သန်းခေါင်စာရင်း၊ ဆီထုတ်ယူရေး စာအုပ်စနစ်များဖြင့် ရောင်းချပေးနေခြင်း ရှိ/မရှိ ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြသည်။
ထို့နောက် စစ်ဆေးရေးအဖွဲ့သည် စားအုန်းဆီအရောင်းဆိုင်ပိုင်ရှင်များအား ပြည်သူများ သက်သာစွာဝယ်ယူနိုင်ရေး ဖြန့်ဝေပေးထားသည့် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ အချိန်အတွယ်လိမ်လည်ခြင်းနှင့် တရားမဝင်သိုလှောင်ထားခြင်းများ စစ်ဆေးတွေ့ရှိပါကအရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအပါအဝင် တည်ဆဲဥပဒေများအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး