မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်ကိုကို ၊ ငဖဲမြို့နယ်ရှိဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ငဖဲ ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုသည်   အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီက ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပဒါန်းတပ်နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက  မိမိရပ်ရွာဒေသ တည်ငြိမ် အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်မှ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မည် ဖြစ်သောကြောင့် ပြည်သူများဒေသဖွံ့ဖြိုးရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်၊ တောင်ပေါ် ဒေသထွက်ကော်ဖီကို တန်ဖိုးမြှင့် ကုန်ချောအဖြစ်ထုတ်လုပ်ဆောင်ရွက်ရန်၊ တောင်သူများ စိုက်ပျိုးလျက်ရှိသည့် သီးနှံများအပြင် ဝါသီးနှံကို တိုးချဲ့စိုက်ပျိုးကြရန်၊ ဒေသလိုအပ်ချက်များ တင်ပြဆွေးနွေးပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဦးထွန်းခင် ၊  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမင်းဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးစိန်ရွှေမင်းတို့က ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက ငဖဲမြို့နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အချက်အလက်များအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဒေသခံပြည်သူများက ငဖဲ-ရွှေစက်တော်သွားကားလမ်းကို ရာသီမရွေး သွားလာ နိုင်ရေးအတွက် မြေသားလမ်းပြုပြင်ဆောင်ရွက်ရေး၊ မန်းချောင်းရေထိန်းကာတာ ဆောင်ရွက်ရေး၊ ပဒါန်းကျေးလက် ပျံကျဈေးမြေနေရာရရှိရေးနှင့် ကုန်းသာကျေးရွာကန်သစ် မြောင်မြေသားတမံ ကန်တိုးချဲ့တူးဖော်ရေး ၊ရေပိုလွှဲအဆင့်မြှင့်တင်ပြီး ရေထုတ်ပြွန်အသစ် ဆောင်ရွက်ရေးစသည့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေး တင်ပြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်ကိုကိုက နယ်မြေတည်ငြိမ်အေးချမ်းရေး၊ စိုက်ပျိုးသီးနှံများ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဒေသကြက်စီးပွားဖြစ်မွေးမြူရေး၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အောင်ချက်မြင့်မားရေးနှင့် တန်းစဉ်တိုးတက် မြင့်မားရေး၊ ကော်ဖီသီးနှံလျာထားချက်ပြည့်မီအောင်စိုက်ပျိုးရေး၊ ဝါသီးနှံတိုးချဲ့ စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။

မယု(ငဖဲ)