နတ်မောက်မြို့ အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း)တွင် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

နတ်မောက် ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နည်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/သူများအနေဖြင့် အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံ သောလူတော်လူကောင်းများ ဖြစ်လာစေရန်အတွက် ဟောပြောခြင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းဝေက စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်းနှင့် ကျောင်းသား/သူများ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြရန် စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အာ/ကာမှူးက ကျောင်းအုပ်ဆရာကြီးအား ကျောင်းသား/သူများအတွက် အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။ အဆိုပါဟောပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။

နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသား/သူများ အသိပညာဗဟုသုတများ တိုးပွားစေရန် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

လှဝင်း