တံတားမြို့အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနယ်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

တံတား ဇူလိုင် ၂၂

ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နယ်လှည့်ဟောပြောပွဲကို ယမန်‌နေ့က တံတားမြို့၊ အမှတ်(၂) ရပ်ကွက်အတွင်းရှိ အ‌ခြေခံပညာအထက်တန်းကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဓာတ်ပုံ ကျွမ်းကျင်(၂)ဒေါ်လှိုင်သူဇာက သဘာဝဘေး အန္တရာယ်တွေထဲမှာ အဖြစ်အများဆုံး၊ ပျက်စီးဆုံးရှုံးမှုအများဆုံးနှင့် လူ့အသက်ပေါင်းများစွာကို နှစ်စဉ်ခြိမ်းခြောက်နေသည့်  ဘေးတစ်ခု ကတော့ “ရေကြီးခြင်း” ဘေးအန္တရာယ်ဖြစ်ကြောင်း၊ ရေကြီးခြင်းဟာ ရုတ်တရက်ကြည့်လျှင် သဘာဝရဲ့ ဖြစ်ရိုးဖြစ်စဉ်လို့ ထင်ရပေမဲ့ သူ့ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ မိမိတို့တစ်မိသားစုလုံး၊ တစ်ရွာလုံး၊ တစ်နိုင်ငံလုံးကိုပျက်စီးစေနိုင်တဲ့အထိ ပြင်းထန်ပါကြောင်း၊ ရေကြီးခြင်းဖြစ်ပွားရသည့် အဓိကအကြောင်းရင်းများမှာ ကမ္ဘာ့ကြီးပူနွေးလာမှုကြောင့် ရာသီဥတုမမှန်ခြင်း၊ မိုးရွာသွန်းမှုပုံစံမမှန်ခြင်း၊ သစ်ပင်တွေဟာရေကိုထိန်းသိမ်းပေးသည့် သဘာဝရေကာတံတိုင်းတွေဖြစ်ပေမဲ့ သစ်ပင်မရှိတဲ့အခါ တောင်ကျရေတွေ တိုက်ရိုက်ဆင်း လာခြင်း၊ မြို့ပြတွေမှာ ရေနုတ်မြောင်းစနစ် မကောင်းခြင်းနှင့် အမှိုက်ပိတ်ဆို့ခြင်း စသည်တို့ ကြောင့် ရေကြီးရခြင်းဖြစ်ကြောင်း၊  ရေကြီးခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်သည့် မျောပါပျက်စီးခြင်း၊  လယ်ယာစိုက်ခင်းများ ရေမြုပ်ပြီး ပျက်စီးတဲ့အတွက် ရေရှည်မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုဖြစ်နိုင်ခြင်း၊ သောက်သုံးရေတွင်း၊ ရေကန်တွေထဲ ညစ်ညမ်းရေများဝင်သွားသည့်အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ အရေပြားရောဂါနှင့် ခြင်များ တိုးပွားလာ၍ သွေးလွန်တုပ်ကွေးရောဂါ ကြုံရတတ်ခြင်း၊ ရေမကြီးမီ ကြိုတင်ပြင်ဆင် ရမည့်အချက်များဖြစ်သည့်မိုးလေဝသသတင်းများကို အမြဲမပြတ်နားထောင်ခြင်း၊ အရေးကြီး စာရွက်စာတမ်းများနှင့်ငွေကြေးများကို ရေလုံအိတ်ဖြင့် ထုပ်ပိုးပြီး အလွယ်တကူ ယူဆောင်နိုင်အောင် ပြင်ဆင်ထားခြင်း၊ အရေးပေါ်ဆေးဝါး၊ အသက်ကယ်အင်္ကျီ (သို့မဟုတ်) ရေပေါ် ပေါ်နိုင်မည့် ပစ္စည်းများ၊ လက်နှိပ်ဓာတ်မီးနှင့် အသင့်စားရိက္ခာများကို စုဆောင်းထားခြင်း၊ ရေကြီးနေစဉ်အတွင်း လိုက်နာရမည့် အချက်များဖြစ်သည့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် အိမ်ရှိ မိန်းခလုတ်ကို ချက်ချင်းချရန်၊ ရေစီးသန်နေတဲ့ လမ်းတွေ၊ တံတားတွေကို ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ရန်၊ မြွေနှင့်အဆိပ်ရှိသတ္တဝါများ ရေဘေးရှောင်ရင်း အိမ်ထဲဝင်လာတတ်သဖြင့် သတိပြုနေထိုင်ကြရန်၊ သဘာဝဘေးအန္တရာယ်ဆိုတာ တားဆီးဖို့ ခက်ခဲပေမဲ့  “ကြိုတင်သတိ” နဲ့ “စနစ်တကျ ပြင်ဆင်မှု” ရှိမယ်ဆိုလျှင် ဆုံးရှုံးမှုတွေကို အနည်းဆုံး ဖြစ်အောင် လျှော့ချနိုင်ပါကြောင်း အသိပညာပေး‌ ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသောသုတ၊ ရသစာအုပ်စာစောင်များနှင့် သဘာဝဘေးအန္တရယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာလေ့လာကြည့်ရှု ငှားရမ်းခဲ့ကြောင်း သိရသည်။

လှိုင်သူဇာ(ပြန်/ဆက်)