တောင်ငူ ဇူလိုင် ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်, လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ဇူလိုင် ၂၁ ရက်နေ့ နံနက်ပိုင်းက စာရေးသူ “ဖေမြင့်” ရေးသားထားသည့် “ဘဝတိုးတက်မှုအတွက်စာဖတ်ခြင်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။
ရှေးဦးစွာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက ဦးမြသိန်းက“ ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း” ခေါင်းစဥ်ပါအကြောင်းအရာများဖြင့် ဦးဆောင်ဆွေးနွေး သည်။ ထို့နောက် (Book Club)ဥက္ကဋ္ဌ ဦးစောဂျရုန်း (မောင်ယဥ်ထွေးတက္ကသိုလ်)က “စာဖတ်ခြင်း ကြောင့် ဘာအကျိုးထူးတွေ ခံစားရရှိနိုင်သလဲ” ခေါင်းစဥ်ပါအကြောင်းအရာများ၊ (Book Club) အဖွဲ့ဝင် ပန်းချီဆရာ ဦးစိုးမြင့်လေး (တောင်ငူ)က “စာဖတ်သမားရုဇဗဲ့” ခေါင်းစဥ်ပါ အကြောင်းအရာများဖြင့် ဆွေးနွေးပြောကြားသည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများက ၎င်းတို့၏ အတွေးအမြင်များကို ပြန်လည်ဆွေးနွေးကြကာ (Book Club) နာယကဦးမြသိန်းက ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးသည်။
အဆိုပါစာအုပ်ဖတ်ခြင်းဖြင့် နှစ်သက်ကြည်နူးမှုနှင့်အတူ ဉာဏ်အမြော်အမြင် ပြည့်ဝခြင်းတည်းဟူသော စာသမားတို့ရအပ်သည့် အမြင့်ဆုံးဆု လာဘ်ကို ရရှိခံစားစေနိုင်မည့် စာအုပ်ကောင်းဖြစ်ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)