သာယာဝတီ ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီက ဂုံမင်းမြောင်ကျေးရွာ ဘုရားကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုက အမှာစကားပြောကြားပြီး သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများအား ရှင်းလင်း ပြောကြားသည်။
ယင်းနောက် "ကျေးလက်ဒေသဖွံ့ဖြိုးရေး" ခေါင်းစဥ်ဖြင့် ပြည်သူ့စကားဝိုင်းဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်မှ ကျေးလက်ဒေသဖွံ့ဖြိုးရေး အကြောင်းအရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုက စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းတံတားနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးအကြောင်းအရာများ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးမင်းဇော်က မွေးမြူရေးနှင့်ကုသရေးဆိုင်ရာ အကြောင်းအရာများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လေးလေးလွင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးနိုင်ဝင်းက စိုက်ပျိုးရေးလုပ်ငန်းများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဦးစီးမှူး ဒေါ်စန္ဒာထွန်းက ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အေးသန္တာထွန်းက ကုန်အညွှန်းအမှတ်အသားအကြောင်း သိကောင်းစရာများအား လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ပြည်သူ့စကားဝိုင်းသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဟို၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးမင်းဇော်၊ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးနိုင်ဝင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှူး ဒေါ်လေးလေးလွင်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)