ပဲခူး ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကျယ်ပြန့်သော အသိပညာဗဟုသုတများ ရရှိစေရန်၊ အတွေးအမြင်များကို လွတ်လပ်စွာ ဖလှယ်ဆွေးနွေးနိုင်စွမ်းနှင့် ယုံကြည်မှုရှိစွာ ပြောဆိုတင်ပြနိုင်သည့် နှုတ်မှုစွမ်းရည်များ တိုးတက်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့က ပဲခူးမြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးထက်လွင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက ကျောင်းသား၊ ကျောင်းသူ လူငယ်များ စာဖတ်ခြင်းမှတစ်ဆင့် ရရှိလာနိုင်သည့် အသိပညာ၊ ဗဟုသုတများ၏ အရေးပါမှု၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိမည့် အကျိုးကျေးဇူးများနှင့် လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပဲခူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းနှင့် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမ ဒေါ်သန်းသန်းဆင့်တို့က စေ့စပ်ညှိနှိုင်းသူများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး လူငယ်စကားဝိုင်းတွင် Grade-10 မှ မကြယ်စင်က “လူငယ်နှင့် ကျန်းမာရေး” ခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာများ တိုးပွားလာစေရေးအတွက်လည်းကောင်း၊ Grade-9 မှ မောင်ကောင်းဟိန်းကျော်က “လူငယ်နှင့် ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့် လူငယ်များ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ပပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးကိုလည်းကောင်း၊ Grade-9 မှ မအိဖြိုးလှိုင်က “လူငယ်နှင့် မူးယစ်ဆေး” ခေါင်းစဉ်ဖြင့် လူငယ်များအနေဖြင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိနားလည်ပြီး ကင်းဝေးရှောင်ရှားနိုင်ရေးအတွက်လည်းကောင်း၊ Grade-10မှ မောင်ဟိန်းအာကာက “လူငယ်နှင့် အိုင်တီနည်းပညာ” ခေါင်းစဉ်ဖြင့် ခေတ်မီနည်းပညာများကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက်လည်းကောင်း၊ Grade-8မှ မဖြူစင်သန့်က “လူငယ်နှင့် စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် စာဖတ်ခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးနှင့် အသိပညာ ဗဟုသုတများကို လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးခဲ့သည့် ခေါင်းစဉ်များနှင့် ပတ်သက်၍ သိရှိလိုသည့် အကြောင်းအရာများကို စိတ်ဝင်စားစွာ မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက အသိပညာပေး ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များနှင့် အသိပညာပေးပြခန်းများကို စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး အဆိုပါ လူငယ်စကားဝိုင်းသည် လူငယ်များ၏ အသိပညာဗဟုသုတ၊ ဆက်ဆံရေးနှင့် ခေါင်းဆောင်မှုစွမ်းရည်များ တိုးတက်လာစေရန် အထောက်အကူပြုသည့် အစီအစဉ်တစ်ရပ်ဖြစ်ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)