ကျိုက်လတ် ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ ဧရာဝတီတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ဥပဒေ၏ အခြေခံသဘောတရားများအား သိရှိနားလည်နိုင်စေရေး လေ့လာသင်ယူသွားကြရန် ထည့်သွင်း ပြောကြားပြီး ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဦးသန်းစိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ဥပဒေ၏အခြေခံသဘောတရားများအား သိရှိနားလည်နိုင်စေရေးအတွက် မြို့နယ်ဥပဒေအရာရှိ ဦးဇေလွင်မောင်က သင်ကြားပို့ချပေးသွားမည့် ဥပဒေဆိုင်ရာ ဘာသာရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့မှ (၂၃) ရက်နေ့အထိ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး (၉၃)ဦးအား ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေ အပါအဝင် ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေစသည့် ဆက်စပ်ဥပဒေဆိုင်ရာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မင်းအောင်(ပြန်/ဆက်)