ဟိုင်းကြီးကျွန်း ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကိုယ်ကာယကြံ့ခိုင်သန်စွမ်း၍ အားကစားထူးချွန်သော လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ အုပ်ချုပ်ရေးမှူးဖလား မိုးရာသီအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၀၉း၀၀)နာရီအချိန်က အမှတ်(၁)ရပ်ကွက် ကျေးရွာဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဟိုင်းကြီးကျွန်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံမှ ယခုလိုအားကစားပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး ပါဝင်ယှဥ်ပြိုင်မည့်အသင်းများအနေဖြင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် စည်းလုံးညီညွတ်စွာ ယှဉ်ပြိုင်ကစားကြရန်အမှာစကားပြောကြား၍ ပြိုင်ပွဲအခမ်းအနားအား စတင်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများမှ စတင်ယှဉ်ပြိုင်ခဲ့ကြရာ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ အရာရှိကြီးများ၊ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများမှ ကြည့်ရှုအားပေးခဲ့ကြပြီး ဒေသခံပြည်သူများမှလည်း တစ်ခဲနက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
လှိုင်မျိုးအောင်