ပဲခူး ဇူလိုင် ၂၀
ကျောင်းသား၊ကျောင်းသူ လူငယ်များအနေဖြင့် ကျယ်ပြန့်သော အသိပညာဗဟုသုတများရရှိစေရန်၊ အတွေးအမြင်များကို လွတ်လပ်စွာဖလှယ်ဆွေးနွေးနိုင်စွမ်းနှင့် ယုံကြည်မှုရှိစွာ ပြောဆို တင်ပြနိုင်သည့် နှုတ်မှုစွမ်းရည်များ တိုးတက်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ပဲခူးမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းမြင့်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ လူငယ်များအနေဖြင့် မိမိတို့၏ အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်း ဆောင်ရွက်သင့်သည့် အချက်များနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပဲခူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက ကျောင်းသား၊ ကျောင်းသူ လူငယ်များ စာဖတ်ခြင်းမှ တစ်ဆင့် ရရှိလာနိုင်သည့် အသိပညာ၊ ဗဟုသုတများ၏ အရေးပါမှု၊ စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိမည့် အကျိုးကျေးဇူးများနှင့် လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပဲခူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း မြန်မာစာဘာသာရပ်ဆရာမ ဒေါ်စုလှိုင်ထွန်းတို့က ဦးဆောင်ဆွေးနွေးသူ (Moderator) များအဖြစ် ဆောင်ရွက်ခဲ့ကြသည်။
လူငယ်စကားဝိုင်းတွင် Grade-10 မှ မမေဖူးစံက “လူငယ်နှင့် မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့် လူငယ်များအနေဖြင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိနားလည်ပြီး ကင်းဝေး ရှောင်ရှားနိုင်ရေးအတွက် လည်းကောင်း၊ Grade-10 မှ မချစ်မြတ်နိုးက “လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့် ကျန်းမာကြံ့ခိုင်သော လူငယ်ဘဝတည်ဆောက်ရေးအတွက်လည်းကောင်း၊ Grade-9 မှ မသန်းသန်းဆင့်က “လူငယ်နှင့် နည်းပညာ” ခေါင်းစဉ်ဖြင့် ခေတ်မီနည်းပညာများကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက်လည်းကောင်း၊ Grade-9 မှ မောင်ပြည်ဖုံးသူက “လူငယ်နှင့် ကျန်းမာရေး” ခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာများ တိုးပွားလာစေရေးအတွက်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးခဲ့သည့် ခေါင်းစဉ်များနှင့် ပတ်သက်၍ သိရှိလိုသည့် အကြောင်းအရာများကို စိတ်ဝင်စားစွာ မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက အသိပညာပေး ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြသည်။
ဆက်လက်၍ ပဲခူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပေးအပ်လှူဒါန်းသည့် သုတ၊ ရသ စာအုပ်စာစောင်များကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်သန်းသန်းမြင့်က လက်ခံရယူခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များနှင့် အသိပညာပေး ပြခန်းများကို စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး အဆိုပါ လူငယ် စကားဝိုင်းသည် လူငယ်များ၏ အသိပညာဗဟုသုတ၊ ဆက်ဆံရေးနှင့် ခေါင်းဆောင်မှု စွမ်းရည်များ တိုးတက်လာစေရန် အထောက်အကူပြုသည့် အစီအစဉ်တစ်ရပ် ဖြစ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)