ရွှေသောင်ယံ ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ.မ.က(၇၉) ဂျိုင်လယ်ကျောင်းတွင် ယနေ့နံနက် (၁၁) နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်နှင့် ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ စာကြည့်တိုက်မှူး ဒေါ်ခင်ချိုချိုလတ်မှ “စည်းကမ်းရှိသော ကလေးကောင်းများဖြစ်ကြစို့”နှင့် “စာဖတ်ခြင်း၏အကျိုးကျေးဇူး” ခေါင်းစဉ်များဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားဖွယ် စာအုပ်စာစောင်များကိုလည်း ခင်းကျင်းပြသခဲ့သည်။ ထို့ပြင် ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတတိုးပွားစေမည့် နံရံကပ်ပြပွဲများကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးသော အခမ်းအနားများမှတစ်ဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် စာဖတ်ဝါသနာများ ပိုမိုရှင်သန်လာစေရန်၊ စည်းကမ်းလိုက်နာတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ အသိပညာ၊ ဗဟုသုတများ တိုးပွားလာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမောင်