နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

နတ်မောက် ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူ (Book Club) နှင့်ပူးပေါင်း၍ ယနေ့နံနက် ၁၁ နာရီအချိန်က စာရေးဆရာ ဒေါက်တာ ခင်မောင်ညို၏ လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်များ စာပေဖတ်ရှုရာမှာ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အတွေးအခေါ်များ ရှင်သန်လာစေရန်နှင့် နားထောင်မှုစွမ်းရည်မြင့်မားလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းကို ကျင်းပခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သိမ့်သိမ့်မိုး (ဦးစီးအရာရှိ-တွဲဖက်) မှ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသော လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်းစာအုပ်ထဲမှ “လူငယ်နှင့် စူးစမ်းလေ့လာမှုများ” ခေါင်းစဥ်ပါအကြောင်းအရာများကိုဖတ်ရှုရှင်းလင်းခြင်းနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များကလည်း မိမိတို့အတွေးအမြင်အသိများ ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများနှင့် ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း