ဇီးကုန်း ဇူလိုင် ၂၁
နိုင်ငံတော်အဆင့် အခမ်းအနားများမှစ၍ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မိမိရုံးဌာနလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ရာတွင်လည်းကောင်း၊ သက်ဆိုင်ရာဒေသအာဏာပိုင်များမှ ဦးစီးကျင်းပသည့် အခမ်းအနားများ၊ ပုဂ္ဂလိကပွဲလမ်းသဘင်များတွင် တာဝန်ပေးအပ်လာပါက အခမ်းအနားမှူးတာဝန်ကို အောင်မြင်စွာဆောင်ရွက်နိုင်ရန်နှင့် အခမ်းအနားတစ်ခုကို အစီအစဉ် စနစ်တကျ၊ ကျွမ်းကျင်ပိုင်နိုင်စွာ ဦးဆောင်ကျင်းပနိုင်ရန် ရည်ရွယ်၍ အခမ်းအနားမှူးသင်တန်း ဖွင့်ပွဲအခမ်းအနား ကို ဇူလိုင်လ ၂၀ ရက် နေ့လယ် ၁ နာရီက ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းကို လူထုရှေ့တွင် ယုံကြည်မှုရှိရှိ ပြောဆိုဆက်ဆံလိုသူများနှင့် အခမ်းအနားမှူး ပညာရပ်ကို စနစ်တကျ လေ့လာလိုသော ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့မှ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဇီးကုန်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်မြတ်ကေခိုင်က အဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သင်တန်းအား ဆက်လက်ပို့ချခဲ့သည်။
သင်တန်းတွင် အခမ်းအနားမှူးတစ်ဦးတွင် မရှိမဖြစ်လိုအပ်သည့် အသံပိုင်းဆိုင်ရာ ကျွမ်းကျင်မှု (Voice Control & Modulation)၊ ပရိသတ်နှင့် ထိတွေ့ဆက်ဆံနိုင်စွမ်း (Audience Engagement)၊ အချိန်ကို ကိုင်တွယ်ထိန်းကျောင်းနိုင်မှုအပြင် မမျှော်လင့်ဘဲ ဖြစ်ပေါ်လာတတ်သည့် အရေးပေါ် အခြေအနေများကို မှန်ကန်စွာ ဖြေရှင်းတတ်သည့် နည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။
သင်တန်းတွင် စကားပြောအနုပညာ၊ ဘာသာစကား သဒ္ဒါနှင့် အသုံးအနှုန်း မှန်ကန်ရေး၊ အခမ်းအနား အမျိုးအစားအလိုက် ဦးဆောင်ရွတ်ဆိုပုံများနှင့် စင်ပေါ်တွင် ကိုယ်အမူအရာ ထိန်းသိမ်းပုံ (Stage Presence) စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်း ကာလအတွင်း လက်တွေ့ လေ့ကျင့်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)