ပွင့်ဖြူ ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် သီးနှံများစိုက်ပျိုးရာတွင် သီးနှံဝင်ငွေ တိုးပွားစေရေးအတွက် သီးထပ်သီးညှပ် ရောနှောစိုက်ပျိုးနည်းစနစ်များကို တစ်နှစ်ထက် တစ်နှစ် ပိုမိုအားထားစိုက်ပျိုးလုပ်ကိုင်လာကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းကို အဓိက စီးပွားဖြစ်လုပ်ကိုင်ကြပြီး ယခင်က သီးနှံများစိုက်ပျိုးရာတွင် မိရိုးဖလာ တစ်သီးစားစိုက်ပျိုးနည်းဖြင့်သာ စိုက်ပျိုးလုပ်ကိုင်ကြကြောင်း ယခုအခါ စိုက်ပျိုးရေးနည်းပညာများ တိုးတက်လာသည်နှင့် အမျှ သီးနှံအထွက်နှုန်း ကောင်းမွန်သော စိုက်ပျိုးရေးနည်းပညာများကို လေ့လာ၍ သီးနှံဝင်ငွေ ပိုမိုရရှိစေရန် တစ်သီးစားစိုက်နည်းစနစ်မှ နှစ်သီးစား၊ သုံးသီးစား စိုက်ပျိုးနည်းစနစ်ဖြင့် သီးနှံများကို သီးထပ်သီးညှပ် ရောနှောစိုက်ပျိုးလုပ်ကိုင်လာကြောင်း သိရသည်။
"ပွင့်ဖြူမြို့နယ်က စိုက်ပျိုးရေဖူလုံမှုနဲ့ စိုက်ပျိုးလယ်ယာမြေတွေ ကောင်းမွန်တဲ့အတွက် ယခုနောက်ပိုင်း တောင်သူအများစုက သီးနှံတွေ စိုက်ပျိုးရာမှာ တစ်သီးစားစနစ်မှ နှစ်သီးစား၊ သုံးသီးစား စနစ်ဖြင့် တိုးချဲ့စိုက်ပျိုးလုပ်ကိုင်လာကြပါတယ်။ အဓိက စိုက်ပျိုးတဲ့ သီးနှံတွေကတော့ စပါး ၊ နှမ်း ၊ မြေပဲ ၊ နေကြာ ၊ မတ်ပဲ ၊ ပဲတီစိမ်း ၊ ပဲစင်းငုံ ၊ ချည်မျှင်ရှည်ဝါနဲ့ စားဖိုဆောင်သီးနှံများကို စိုက်ပျိုးကြပါတယ်။ ရာသီအလိုက် သီးနှံတွေစိုက်ပျိုးရာမှာ အထွက်နှုန်းတွေ တိုးတက်စေဖို့နဲ့ အရည်အသွေးကောင်း သီးနှံများ ထွက်ရှိစေဖို့အတွက် စိုက်ပျိုးရေးဦးစီးဌာနဲ့ စပ်ဆက်ဌာနတွေက လိုအပ်တဲ့ မျိုးကောင်းမျိုးသန့်တွေ စိုက်ပျိုးနိုင်အောင် ၊ စိုက်နည်းစနစ်တွေ မှန်ကန်အောင်၊ ပိုးမွှားရောဂါကင်းရှင်းအောင်၊ စိုက်ပျိုးရေ စနစ်တကျ သုံးစွဲနိုင်အောင်စတဲ့ စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးကြပါတယ်"ဟု ပွင့်ဖြူမြို့နယ် ကံသာကြီး ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောပြသည်။
တောင်သူများအနေဖြင့် သီးနှံများစိုက်ပျိုးရာတွင် အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားရေရိက္ခာဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သောကြောင့် ရာသီအလိုက် သီးနှံများစိုက်ပျိုးရာ၌ အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်းနှင့် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးခြင်းအပြင် တစ်သီးစား စနစ်မှ နှစ်သီးစား ၊ သုံးသီးစားစနစ်အား စိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် သီးနှံဝင်ငွေကို ပိုမိုတိုးပွားလာစေမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)