အိမ်မဲမြို့တွင် ကြဲခင်းစနစ်ပပျောက်ရေး ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

အိမ်မဲ ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မရမ်းငူကျေးရွာတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ကြဲခင်းစနစ်ပပျောက်ရေးအတွက် ၂၀၂၆-၂၀၂၇ ခုနှစ်ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်ကျင်းပခဲ့သည်။

ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို မရမ်းငူကျေးရွာတောင်သူ ဦးအောင်စိုးမိုး၏ ကွင်းအမှတ် ၉၄၊ ဦးပိုင်အမှတ် ၁၀/၂တွင် (၃.၅၀) ဧက မိုးစပါးစိုက်ပျိုးရာ မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနမှူး ဦးခင်မောင်မျိုးက အဆိုပါစက်ဖြင့် စိုက်ပျိုးခြင်းကြောင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တောင်သူများစုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းကြောင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ ပျိုးထောင်ဧရိယာအနည်းငယ်သာလိုအပ်ခြင်း၊ ပျိုးပင်များပြုပြင်ထိန်းသိမ်းမှုလွယ်ကူစိတ်ချရခြင်း၊ ပျိုးပင်များနှုတ်ယူရန်မလိုအပ်ခြင်း၊ ပင်ကြားတန်းကြားမှန်၍ လေဝင်လေထွက်ကောင်းခြင်းကြောင့် ရောဂါပိုးမွှားကျရောက်မှုနည်းပါးခြင်း၊ စပါးအရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်ခြင်း အစရှိသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း သိရသည်။

ချစ်သက်လယ် ( ပြန်/ဆက်)