ချောက်မြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်းစကားပြောနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ချောက် ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊‌ ချောက်မြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေကိုလေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုကျပန်းစကားပြော(အထက်တန်းဆင့်)နှင့် စာစီစာကုံး(အလယ်တန်းဆင့်)ပြိုင်ပွဲကို ဇူလိုင်၂၀ရက် နံနက်၁၀နာရီအချိန်က ချောက်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ​ ဒေါ်ဝင်းအိမွန်က​ ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူတို့လိုက်နာရမည့် စည်းကမ်းတို့အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျပန်းစကား‌ပြောပြိုင်ပွဲနှင့်စာစီစာကုံးပြိုင်ပွဲကျင်းပရာ‌၊ ကျပန်းစကား‌‌ပြောပြိုင်ပွဲတွင် ဗလငါးတန်ဖွံ့ဖြိုးဖို့ စာအုပ်စာ‌ပေဖတ်ကြစို့၊ အသိပညာဗဟုသုတကြွယ်ဝဖို့စာပေလေ့လာကြစို့၊ စာဖတ်ရှိန်မြင့်တင်ရေးနှင့် ကျောင်းစာကြည့်တိုက်များ၏အခန်းကဏ္ဍစသော ခေါင်းစဉ်သုံးခုမှ မိမိမဲကြရာတစ်ခုယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊  စာစီစာကုံးပြိုင်ပွဲတွင် စာပေဖတ်ရှုခြင်း၏ တန်ဖိုးနှင့်အကျိုး‌ကျေးဇူး၊ စာကြည့်တိုက်များမှသည် ဖွံ့ဖြိုးတိုးတက်သောအနာဂတ်ဆီသို့ ခေါင်းစဉ်နှစ်ခုအားမဲနှိုက်ရာ စာပေဖတ်ရူခြင်း၏ တန်ဖိုးနှင့်အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲသို့ မြို့‌ပေါ်ရှိ အခြေခံပညာ‌ကျောင်း‌ပေါင်းစုံမှ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ(၁၀)ဦးနှင့် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ(၂၃)ဦးတို့က အသီးသီးဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူတို့၏ယှဉ်ပြိုင်မှုကို ခရိုင်ပညာရေးမှူး ဦးမန်းအောင်၊ မြို့နယ်ပညာရေးမှူးဦးသန်းမြိုင်၊ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ နဦးစီးအရာရှိ ​ဒေါ်ဝင်းအိမွန်တို့က အနီးကပ်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)