မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုး တက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် တက်ရောက်

မကွေး ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

 ဦးစွာ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ဘင်ခရာ၊ ပန်းပွားနှင့် Fitness Dance အဖွဲ့များအားဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ ကာယစွမ်းရည်ပြိုင်ပွဲများ၊ လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံပြဘုတ်များ၊ စာအုပ်အရောင်းဆိုင်များနှင့် ဌာနဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကာ ကျောင်းသား/ကျောင်းသူများအား အာဟာရဖြည့်အစားအစာနှင့် ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် ငွေကျပ် ၅၅ သိန်းကိုပေးအပ်ရာ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လက်ခံရယူပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်/စာစောင်များကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြိုင်ပွဲများတွင်ဆုရရှိကြသူများအား ဆုများအသီးသီးပေးအပ်ပြီး ပါဝင်ဖျော်ဖြေပေးသည့် ကျောင်းသား/ကျောင်းသူများကို ဂုဏ်ပြုဆုငွေများချီးမြှင့်သည်။ ယနေ့ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် စကားပုံဆက်၊ အရုပ်ကွင်းစွပ်၊ မြန်မာစာဥာဏ်စမ်း ပြိုင်ပွဲ၊ ခွက်နင်းပြိုင်ပွဲ၊ အိမ်ဆောက်ဂိမ်းပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများတွင် ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲကြပြီး မကွေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူ အင်အား ၂၀၀၀ ကျော် လာရောက်ပါဝင်ဆင်နွှဲခဲ့ကြောင်းသိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)