မြောင်းမြမြို့တွင် ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မြောင်းမြ ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြစိမ်းရောင်တောင်တော် သာသနာ့နယ်မြေ၌ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဇူလိုင်လ (၂၀) ရက် နေ့ နံနက် (၈း၀၀) နာရီက ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါ်မေသန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ပျိုးပင်များပေးအပ်ခဲ့ပြီးနောက် မြောင်းမြခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ပညာ‌ရေးဒီဂရီကောလိပ်၊ သူနာပြုသင်တန်းကျောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၇၀၀) ဦးတို့က စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။

မြောင်းမြမြို့နယ်အနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတုမျှတပြီး အပူချိန်ထိန်းညှိပေးရန်၊ သစ်တောသယံဇာတ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းရန်နှင့် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ ‌၂၀၂၆ ခုနှစ်  သစ်ပင်စိုက်ပျိုးပွဲ တွင် ဒေသနှင့်ကိုက်ညီသည့်သစ်မျိုးများ၊ အဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက်ဖူးပွင့်နိုင်သည့် အပင်များ၊ ကြီးမြန်သစ်မျိုးများ၊ အရိပ်ရသစ်မျိုးများဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ကံ့ကော်၊ ခရေစသည့် သစ်မျိုး (၆) မျိုး စုစုပေါင်း (၁၁၀၀) ပင်ကို စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။

ဇေယျာ(ပြန်/ဆက်)