ကြံခင်း ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာမူလတန်း(လွန်) ကျောင်း(မြို့မတောင်)တို့ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပပေးခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများ၊ ကာယဉာဏပြိုင်ပွဲများ ကျင်းပပေးရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး၊ ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းက လူငယ်နှင့်စာကြည့်တိုက် ခေါင်းစဉ်တို့ဖြင့် ဟောပြောသည်။ ဆက်လက်၍ အခြေခံပညာမူလတန်း(လွန်)ကျောင်း(မြို့မတောင်)မှ ဒုမူပြ ဆရာမ ဒေါ်ဝေဇင်ဖြိုးက ကျေးဇူးတင်းစကားပြန်လည်ပြောကြားပြီး၊ မူလတန်းအဆင့် ကဗျာရွတ်၊ ပုံပြင်ပြော၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ကျင်းပပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ကဏ္ဍအလိုက်အသီးသီးဝင်ရောက် ယှဉ်ပြိုင်ကြကာ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်နှင့် တာဝန်ရှိသူများက အမှတ်ရလက်ဆောင် များပေးအပ်ကြသည်။
ထို့နောက် အခြေခံပညာမူလတန်း(လွန်)ကျောင်း(မြို့မတောင်)မှ ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအသိပညာပေး လက်ကမ်းစာစောင် များကို ဖြန့်ဝေပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်စာစောင်များ၊ မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ အသိ ပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)