ဟုမ္မလင်းမြို့၌ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှကြီးမှူး၍ ရှမ်းရိုးရာ၊ အိုးစည်၊ မောင်း၊ဆိုင်း၊ တိုးနယား၊ ကိန္နရီကိန္နရာအက(ဆို၊က၊ရေး၊ တီး) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဟုမ္မလင်း   ဇူလိုင်   ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ မြို့နယ်ရှမ်းစာပေနှင့် ယဥ်ကျေးမှု အသင်းမှကြီးမှူးကျင်းပ၍ ရုမ်းရိုးရာယဉ်ကျေးမှု ဖော်ထုတ်ထိမ်းသိမ်းမြှင့်တင်ရေး ရုမ်းလူငယ်များ အသင်းမှ သင်ကြားပေးသောရှမ်းရိုးရာ၊ အိုးစည်၊ မောင်း၊ ဆိုင်း၊ တိုးနယား၊ ကိန္နရီကိန္နရာအက (ဆို၊က၊ရေး၊တီး)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်တွင် ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ရှမ်း တိုင်းရင်းသားရေးရာ ဝန်ကြီးဦးစိုင်းစိန်ဖေ၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံလှစိုး၊ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်မှူး၊ ဗိုလ်မှူးချုပ် ကျော်အောင်၊ ဟုမ္မလင်းခရိုင် ရှမ်းစာပေနှင့် ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစိုင်းချစ်ညွှန့်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဟုမ္မလင်းမြို့နယ်ရှမ်းစာပေနှင့် ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစိုင်းဇော်လွင်မြင့်၊ ရှမ်းရိုးရာ ယဥ်ကျေးမှုဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ရေးအဖွဲ့ဥက္ကဋ္ဌ မောသွန်လုင်းစိုင်းခေးလျိုနှင့် နည်းပြဆရာများ(တောင်ကြီး)၊ နာဂစာပေနှင့်ယဉ်ကျေးမှု အသင်းဖွဲ့များ၊ ချင်းစာပေနှင့် ယဉ်ကျေးမှု အသင်းဖွဲ့များ၊ ရပ်မိ၊ ရပ်ဖများ၊ သင်တန်းသား၊ သင်တန်းသူများ၊ တက်ရောက် ခဲ့ကြသည်။

ရှေးဦးစွာ နိုင်ငံတော်အလံနှင့် အမျိုးသားအလံတော်အား အလေးပြု၍ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ခြင်းမင်္ဂလာ ကိန္နရီ၊ ကိန္နရာ ကန်တော့ပန်းဆင်အကဖြစ် အခမ်းအနားကို ဖွင့်လှစ်ကာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်ဖေမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဟုမ္မလင်းလေတပ်စခန်း ဌာနချုပ်မှူး၊ဗိုလ်မှူး ချုပ်ကျော်အောင်နှင့် ဟုမ္မလင်းမြို့နယ်ရှမ်းစာပေနှင့် ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစိုင်းဇော်လွင်မြင့်တို့က မုဒိတာစကား ပြောကြားခဲ့ကြသည်။

ဆက်လက်၍ ရိုးရာယဉ်ကျေးမှုထိမ်းသိမ်းမြှင့်တင်ခြင်း မင်္ဂလာတိုးနယားအကဖြင့်ကပြဖျော် ဖြေခဲ့ပြီး ဟုမ္မလင်းမြို့နယ် ရှမ်းရိုးရာယဥ်ကျေးမှု ဖော်ထုတ်ထိန်းသိမ်းမြှင့် တင်ရေးအဖွဲ့ဥက္ကဋ္ဌ မောသွန်လုင်းစိုင်းခေးလျိုက မုဒိတာစကားပြောကြားခဲ့သည်။ ယင်းနောက်အလှူရှင်များနှင့် သင်တန်းဆရာများအားစစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်ဖေ၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းစံလှစိုး၊ ဟုမ္မလင်း လေတပ်စခန်း ဌာနချုပ်မှူး၊ ဗိုလ်မှူးချုပ်ကျော်အောင်၊ ဟုမ္မလင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးငြိမ်း ဦးစိုင်းစန်းရွှေတို့ကဂုဏ်ပြုလွှာများပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ၌ကိန္နရီ၊ ကိန္နရာအကနှင့် တိုးနယားအကတို့တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ဆုရရှိသူများကိုခရိုင်ရှမ်းစာပေနှင့် ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစိုင်းချစ်ညွှန့်နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။

ထို့နောက်တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ခဲ့ရာ သင်တန်းသား အားလုံးကိုယ်စား သင်တန်းသူ/သားတစ်ဦးကလက်ခံခဲ့၍ ''ပေါင်းစည်းခြင်းသည် အင်အားစု ပေါင်းယိမ်း''အကဖြင့် ကပြဖျော်ဖြေခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။

ဟုမ္မလင်း (ပြန်/ဆက်)