ဝါးခယ်မမြို့နယ်၌ ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ်အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

ဝါးခယ်မ ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊​ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ သိကောင်းစရာများကို ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊​ အောင်​ဇေယျခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် တိုင်း​ဒေသကြီးလွှတ်​တော်ကိုယ်စားလှယ် ဦး​ဝေလွင်မိုးတို့က အဖွင့်အမှာစကား ပြောကြား​ခဲ့သည်။ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းညွန့်က ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ်သည် ရဲတပ်ဖွဲ့နှင့်ပြည်သူ အကြား ယုံကြည်မှုတည်​ဆောက်ရန်၊ ရာဇဝတ်မှုများကြိုတင်ကာကွယ်ရန်၊ ရပ်ရွာအတွင်းဖြစ်​ပေါ်နေ​သောပြဿနာများကို အတူတကွ ​ဖြေရှင်းရန်၊ တရားဥပ​ဒေစိုးမိုး​ရေးနှင့်ပြည်သူ့လုံခြုံ​ရေးကို မြှင့်တင်ရန်၊ ပြည်သူများ၏ လုံခြုံမှုခံစားချက်ကိုတိုးမြှင့်ရန်၊ အမိန့်​ပေး​စေခိုင်းခြင်းမဟုတ်ဘဲ ပြည်သူနှင့်ရဲတပ်ဖွဲ့ကြား အပြန်အလှန်​ဆွေး​နွေးညှိနှိုင်းခြင်းဖြင့် “ရဲနှင့်ပြည်သူလက်တွဲညီလုံခြုံ​ရေးမြှင့်တင်မည်”​ဆောင်ပုဒ်နှင့်အညီစသည့် လုပ်ငန်းများကို Projector ဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦး​ဝေလွင်မိုးနှင့်ဦး​စောမြသိန်း၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သိရှိလိုသည်များကိုမေးမြန်းကာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရီရီလွင်(ပြန်/ဆက်)