ဒေးဒရဲမြို့၌ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲကျင်းပ

ဒေးဒရဲ ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဦးသန်းစိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးတို့က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ဥပဒေ၏ အခြေခံသဘောတရာများအား သိရှိနားလည်နိုင်စေရေး လေ့လာသင်ယူသွားကြရန် အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဦးရဲမြင့်ခိုင်က သင်ကြားပို့ချပေးသွားမည့်ဥပဒေဆိုင်ရာ ဘာသာရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့မှ (၂၂) ရက်နေ့အထိ ရပ်ကွက်၊ ရပ်ကျေးအုပ်စုအုပ်ချုပ်ရေးမှူး (၉၃) ဦးအား ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေအပါအဝင် ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေစသည့် ဆက်စပ်ဥပဒေဆိုင်ရာများကို သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အေဇာလင်း