ဒေးဒရဲ ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများလုံခြုံအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ရည်ရွယ်၍ မြို့နယ်ရဲတပ်ဖွဲ့က ကြီးမှူးကျင်းပသည့် ပြည်သူကို ဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးပိုထွန်းက ပြည်သူကို ဗဟိုပြုသော ရဲလုပ်ငန်းစနစ် အောင်မြင်စေရေး ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများအကြား အခြေပြု ပူးပေါင်းဆောင်ရွက်ခြင်း၊ ရဲတပ်ဖွဲ့ နှင့် ပြည်သူအကြား ယုံကြည်မှုတိုးမြှင့်ခြင်း၊ ရာဇဝတ်မှုများအား ကြိုတင်ကာကွယ်နိုင်သည့်စနစ်များ ပိုမိုအားကောင်းလာစေရေး ပြည်သူ၊ အုပ်ချုပ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများအကြား ပူးပေါင်း၍ ပြည်သူများလုံခြုံအေးချမ်းသော လူမှုဘဝတည်ဆောက်ရေး စသည့် ပြည်သူအကျိုးပြုလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် စကားဝိုင်းအား ကျင်းပပြုလုပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများက တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း