မော်လမြိုင်ကျွန်းမြို့နယ်၌ ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ သိကောင်းစရာများကို ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မော်ဧရာခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားရာ၌ ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ်သည် ရဲတပ်ဖွဲ့နှင့် ပြည်သူအကြား ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်နားလည်မှုကို ပိုမိုခိုင်မာစေသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူများ၏လုံခြုံရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးကြောင်း တိုက်တွန်းပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ရဲမှူး စိုးမိုးဦးက Projector ဖြင့် ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ်၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်၊ ရဲတပ်ဖွဲ့နှင့် ပြည်သူအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ရပ်ရွာလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု အရေးပါပုံ၊ မှုခင်းကြိုတင်ကာကွယ်ရေးနှင့် သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ပေးပို့ဆောင်ရွက်နိုင်ရေး၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမည့် အခန်းကဏ္ဍများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်လှိုင်၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သိရှိလိုသည်များကိုမေးမြန်းကာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)