ကန့်ဘလူ ဇူလိုင် ၂၁
ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အစိုးရစက်မှုလက်မှုသိပ္ပံ (ကန့်ဘလူ)တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇူလိုင် ၁၄ ရက်နံနက် ၉ နာရီခွဲက အစိုးရစက်မှု လက်မှုသိပ္ပံ(ကန့်ဘလူ)ကျောင်းခန်းမ၌ ကျင်းပသည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ)ကျောင်းအုပ် ဆရာမကြီး ဒေါ်သူဇာဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇင်မင်းထွန်းက လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခိုင်ဇင်က ဦးဆောင် ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး အစိုးရစက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ)ကျောင်းမှ ကျောင်းသားကျောင်းသူများက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့်အနာဂတ်၊ လူငယ်နှင့်ကျန်းမာရေး နှင့်လူငယ်နှင့်ပျော်ရွှင်မှုစသည့် ခေါင်းစဥ်များအလိုက် ဆွေးနွေးပြောကြားပြီး တက်ရောက် လာသည့် ကျောင်းသားကျောင်း သူများ၏ မေးမြန်းချက်များကို ပြန်လည်ဆွေးနွေး ဖြေကြားသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ အစိုးရစက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ)ကျောင်းအုပ်ဆရာမ ကြီးနှင့်ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူ ၈၀ ကျော်တက်ရောက်ကြပြီးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကခင်းကျင်းပြသထားသည့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်များကို တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)