စစ်တွေ ဇူလိုင် ၂၀
ရခိုင်ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပြည်နယ်ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်လျာထား လုပ်ငန်းများအား တစ်ခုချင်း မြေပြင်ကွင်းဆင်းစိစစ်၍ ကျေးလက်နေပြည်သူများ အမှန်တကယ်လိုအပ်ပြီး အများပြည်သူ တိုက်ရိုက်အကျိုးရှိစေမည့် ကျေးလက်လမ်းတံတားများဖြစ်စေရေးအတွက် မူလလျာထားချက်တွင် ပါဝင်သောစီမံကိန်းလုပ်ငန်းများမှ ပြောင်းလဲဆောင်ရွက်လိုသည့် လုပ်ငန်းများကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြောင်းလဲဆောင်ရွက်နိုင်ရေးအတွက် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက မောင်နီပြင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ လည်းကောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး