ထားဝယ် ဇူလိုင် ၂၀
တနင်္သာရီတိုင်းဒေသကြီးသံဃနာယကအဖွဲ့ဂိုဏ်းပေါင်းစုံ၏ လမ်းညွှန်မှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် သံဃနာယက၊ ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့ သာသာနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်က သာသာနာ့ဗိမာန်တော်ကြီး၌ ကိန်းဝပ်စံပယ်တော်မူနေသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရွှေကြာသင်္ကန်းနှင့်ပန်း၊ ရေချမ်း၊ ဆီးမီး ကပ်လှူပူဇော်သည်။
အခမ်းအနားကို ဆရာတော်၊ သံဃာတော်များ အမှူးပြုသော တက်ရောက်လာကြသူများက ထားဝယ်မြို့၊ ဃောသိတာရာမပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိထံမှ ငါးပါးသီလခံယူ ဆောက်တည်သည်။
ထို့နောက် မြိတ်မြို့ မော်တောင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက တိုင်းဒေသကြီးသံဃနာယကအဖွဲ့(သုဓမ္မာဂိုဏ်း)ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနာရဒက ဩဝါဒမိန့်ကြာပြီး ဆရာတော်သံယာတော်များအား ဝိနည်းဓမ္မကံအဓိကရုဏ်း မှုခင်းများဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ဝိနိစ္ဆယလက်ဆွဲစာအုပ်အား ဆက်ကပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ထားဝယ်မြို့၊ ဇေယျဝတီစာသင်တိုက်၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့(ကူးတို့ဂိုဏ်း)ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒဝံသထံမှ လှူဒါန်းမှု အစုစုအတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြကြောင်း သိရသည်။