ငပုတော ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းနှင့် သက်ဆိုင်သူများ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားတစ်ရပ်ကို ယမန်နေ့မွန်းလွဲပိုင်းကမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စီမံကိန်းလုပ်ငန်းများအား စနစ်တကျအကောင်အထည်ဖော်နိုင်ရေးအတွက် လမ်းညွှန်အကြံပြုချက်များကို ဆွေးနွေးခဲ့ပြီး ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) ဆောင်ရွက်သည့် တတိယအဖွဲ့အစည်းဖြစ်သော EnvCC ကုမ္ပဏီမှ တာဝန်ရှိသူများက စီမံကိန်းအသေးစိတ်ကို EnvCC ကုမ္ပဏီ၏ Principal Consultant ဒေါ်မြတ်မွန်ဆွေက စီမံကိန်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက်ပတ်ဝန်းကျင်နှင့် လူမှုစီးပွားအခြေအနေများ : EnvCC ကုမ္ပဏီ၏ Senior Consultant ဦးရဲနောင်ထွန်းက အခြေခံပတ်ဝန်းကျင်အခြေအနေများ၊ ဇီဝမျိုးစုံမျိုးကွဲများတည်ရှိမှုနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝအခြေအနေများအပေါ် သက်ရောက်နိုင်မှုများကို အသေးစိတ်ဆွေးနွေးတင်ပြခဲ့ပြီးတက်ရောက်လာကြသည့် စီမံကိန်းနှင့် သက်ဆိုင်သူများ၊ ဒေသခံများနှင့် တာဝန်ရှိသူများက အပြန်အလှန် အထွေထွေဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
ဆွေးနွေးပွဲအပြီးတွင် ငပုတောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီးနောက် စီမံကိန်းနှင့် သက်ဆိုင်သူများ တွေ့ဆုံဆွေးနွေးပွဲကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)