မုဒုံ ဇူလိုင် ၂၀
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT) ဆင်းပွဲအခမ်းအနားကို ဇူလိုင် ၁၇ ရက်နေ့က မုဒုံမြို့နယ် ရွှေဟင်္သာခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဒေါ်မိသန္တာမြင့်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အခြေခံလိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားတိုင်း ဥပဒေအသိပညာရှိကြရန်နှင့် ဥပဒေကို နားလည်တတ်ကျွမ်းရန် အရေးကြီးကြောင်း၊ ကောင်းမွန်မှု၊ မှန်ကန်မှု၊ တရားမျှတမှုများရရှိစေရန် မိမိကိုယ်တိုင် ပြဋ္ဌာန်းထားသောဥပဒေများကို သိရှိနားလည်ပြီး မိမိရပ်ရွာအတွင်းရှိ ပြည်သူများကို ဥပဒေအသိပညာဖြန့်ဖြူးပေးခြင်းဖြင့် ရပ်ကွက်/ ကျေးရွာများမှစ၍ နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားလာစေမည်ဟု အလေးအနက်ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် မုဒုံမြို့နယ်ဥပဒေအရာရှိက သင်တန်းဆင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့် ထူးချွန်သင်တန်းသားများအား ပြည်နယ်ဥပဒေချုပ်၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဥပဒေချုပ် ဒေါ်မိသန္တာမြင့်က သင်တန်းတွင် အောင်မြင်စွာတက်ရောက်ခဲ့ကြသည့် သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့ကြောင်း၊ သင်တန်းသို့ မုဒုံမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာအုပ်စု (၄၂) စုမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သင်တန်းကို ၂၀၂၆ ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့မှ (၁၇) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)