ဇီးကုန်း ဇူလိုင် ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ Rice Export Zone ဆောင်ရွက်မည့် တောင်သူများအား စိုက်ပျိုးစရိတ်နှင့်သွင်းအားစုများ ပေးအပ်ခြင်းအခမ်းအနားကို ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နတ်တလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေက အမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏ စိုက်ပျိုးရေးရည်မှန်းချက်များ အောင်မြင်ဖြစ်ထွန်းအောင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်ရန်၊ အရည်အသွေးပြည့်မှီသော စပါးများ စိုက်ပျိုးထုတ်လုပ်ကြရန် မှာကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်မြင့်ထွေးက တောင်သူများအနေဖြင့် အရည်အသွေးပြည့်မှီသော မျိုးကောင်းမျိုးသန့်စပါးမျိုးများအား ရွေးချယ်စိုက်ပျိုးရန်နှင့် လိုအပ်သော စိုက်ပျိုးရေးနည်းစနစ်များအား စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ စိုက်ပျိုးစရိတ်များကိုလည်း တိုးမြှင့်ထုတ်ချေးပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ရွှေဝါရောင်ကုမ္ပဏီမှ တာဝန်ခံ ဦးအောင်ကျော်ညွန့်က စိုက်ပျိုးစရိတ်နှင့်သွင်းအားစုများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မိုးစပါးစိုက်တောင်သူများအား စိုက်ပျိုးစရိတ်နှင့် သွင်းအားစုများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် ယခုနှစ်မိုးစပါးစိုက်ဧက(၄၈၀၇၇)ဧကကို စိုက်ပျိုးထားရှိပြီး၊ ဗီယက်နမ်၊ ဆင်းသုခ၊ နှံကောက်၊ အောင်နိုင်တိုး စသည့်စပါးမျိုးများကို စိုက်ပျိုးထားရှိကြောင်းနှင့် ထွက်နှုန်းကောင်းမွန်ရေးကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)