ဘိုကလေးမြို့နယ်တွင် ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ်ဆွေးနွေးပွဲကျင်းပ

ဘိုကလေး ဇူလိုင် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် ယနေ့နံနက် (၉)နာရီ အချိန်၌ ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ်ဆွေးနွေးပွဲ ကျင်းပဆောင်ရွက်သည်။

ဆွေးနွေးပွဲသို့ ဘိုကလေးမြို့နယ်၏ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဝဏ္ဏဆွေနှင့်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊  ဘိုကလေးမြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး ဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အောင်မြင်ရေးနှင့် မှုခင်းကျဆင်းရေးအတွက် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူနှ့င့် တွေ့ဆုံတိုင်း ဥပဒေ၊ နည်းဥပဒေများ၊ ပြစ်မှု၊ ပြစ်ဒဏ်ဆိုင်ရာများအား အသိပညာပေး မှာကြားမှုများ ဆောင်ရွက်ကြရန် လမ်းညှန်ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးဝဏ္ဏဆွေက ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ်၏ ရည်ရွယ်ချက်များ၊ အဓိက မဏ္ဍိုင်(၅)ရပ်၊ ပြည်သူပူးပေါင်းပါဝင်ရမည့် ဆောင်ရွက်မှု ပုံစံများ၊ ပြဿနာဖြေရှင်းမှု စနစ်များ၊ ၂၀၂၆ ခုနှစ် ပထမ(၆)လပတ် အတွင်း ဘိုကလေးမြို့နယ်၏ အမှုကြီးနှင့် အခြားအမှုများ ဖြစ်ပွားမှု အခြေအနေများ ဆွေးနွေးပြောကြားခဲ့ကြောင်းနှင့် ဆွေးနွေးပွဲ တက်ရောက်လာကြသူများ ကလည်း သိလိုသည်များအား ဆွေးနွေးမေးမြန်းရာ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။

မိုးစက်