ပဲခူး ဇူလိုင် ၂၀
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ရှိ စက်မှုလယ်ယာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး) သင်တန်း အမှတ်စဉ် (၂/၂၀၂၆-၂၀၂၇) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုး သီးနှံများ၏ ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိရေး၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ မြင့်မားလာရေးအတွက် စက်မှုလယ်ယာ ကူးပြောင်းရေးကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်မှုလယ်ယာကူးပြောင်းရေး လုပ်ငန်းစဉ် အောင်မြင်ရန် လယ်ယာလုပ်ငန်းခွင်တွင် လက်တွေ့လုပ်ကိုင်နေသည့် တောင်သူလယ်သမားများ၏ ပူးပေါင်းပါဝင်မှုသည် အရေးပါကြောင်း၊ အထူးသဖြင့် မျိုးဆက်သစ်တောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို မောင်းနှင်အသုံးပြုခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ စာတွေ့နှင့်လက်တွေ့ ပေါင်းစပ်သင်ကြားမှုများကို စနစ်တကျ သင်ယူရမည်ဖြစ်ပြီး၊ သင်တန်းမှရရှိသည့် အတတ်ပညာများကို မိမိဒေသအတွင်း ပြန်လည်မျှဝေကာ လက်တွေ့အသုံးချခြင်းဖြင့် ရပ်ရွာဖွံ့ဖြိုးရေးနှင့် နိုင်ငံတော်၏ လယ်ယာထုတ်ကုန် တိုးတက်မြင့်မားရေးအတွက် အကျိုးပြုဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များကို PowerPoint ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်သည် သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ စာတွေ့သင်ကြားရာတွင် အသုံးပြုမည့် ဘာသာရပ်ဆိုင်ရာ စာအုပ်များ၊ လယ်ယာသုံးစက်ကိရိယာ အသိပညာပေးစာစောင်များနှင့် လက်တွေ့လေ့ကျင့်အသုံးပြုမည့် စက်ကိရိယာများကို လှည့်လည်ကြည့်ရှုခဲ့သည်။
အဆိုပါ သင်တန်းတွင် ပဲခူးတိုင်းဒေသကြီးမှ သင်တန်းသား (၅၇) ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၁၂) ဦး စုစုပေါင်း (၆၉) ဦး တက်ရောက်လျက်ရှိပြီး လက်သုံးကိရိယာ အသုံးပြုနည်း၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ ထွန်စက်ကြီး မောင်းနှင်ထိန်းသိမ်းရေး၊ Engine System၊ Clutch & Transmission၊ Front Axle၊ Steering & Drive Line၊ Rear Wheel Drive & Brake System၊ PTO & Hydraulic၊ Electrical System၊ Driving Method၊ Maintenance & Repair နှင့် ထွန်ယက်ကိရိယာများ၏ အခြေခံသဘောတရားများ၊ ထွန်ယက်နည်းစနစ်များကို စာတွေ့၊ လက်တွေ့ ပေါင်းစပ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဘုရားကြီးမြို့ ဝေါလမ်းရှိ ကိုငယ်လေး စက်မှုလက်မှုအလုပ်ရုံသို့ သွားရောက်ကာ စပါးအခြောက်ခံစက်နှင့် အခြားလယ်ယာသုံး စက်ကိရိယာများ ထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းအပြင် ကျေးရွာများအလိုက် တစ်ပိုင်တစ်နိုင် အသုံးပြုနိုင်မည့် အလတ်စားစပါးအခြောက်ခံစက်များ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)