မော်လမြိုင်ကျွန်း ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ကျောင်းသား၊ကျောင်း သူများ စားသုံးသည့် အစားအသောက်များ၏ ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်မှု ရှိစေရေးအတွက် ကျောင်းမုန့်ဈေးတန်းများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူး ဦးမင်းမင်းထွန်း၊ မြို့နယ်ကျန်း မာရေးဦးစီးဌာန ဆရာဝန်ကြီး ဒေါက်တာစန်းဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ နှင့် လူမှုရေးအသင်းအဖွဲ့များက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် တောရ အခြေခံပညာအလယ်တန်းကျောင်းတို့ရှိ ကျောင်းမုန့်ဈေးတန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးစဉ် ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချလျက်ရှိသည့် အစားအသောက်များ၏ သန့်ရှင်းမှု၊ ကျန်းမာရေးနှင့်ညီညွတ်မှု၊ သိုလှောင် ရောင်းချမှုအခြေအနေနှင့် ကျောင်းပတ်ဝန်း ကျင် သန့်ရှင်းရေးအခြေအနေများကို စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များအား သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် ဈေးရောင်းချသူများကိုလမ်းညွှန်မှာကြားခဲ့ပြီး ကျောင်းများရှိ စာကြည့်တိုက်များသို့လည်း ဝင်ရောက်ကြည့်ရှုကာ စာအုပ်စာစောင်များ အသုံးပြုနေမှုနှင့် စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)