တောင်ငူ ဇူလိုင် ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အ.ထ.က(၄)၊ ပင်လုံခန်းမ၌ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်များကို ဆန်းစစ်စိစစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ဦးစွာအစီအစဉ်များအတိုင်း အခမ်းအနားအား စတင်ဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်က တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းရင်းသားအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က တိုင်းရင်းသားအရေးဆိုင်ရာ ကော်မတီအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သံယောဇဥ်မိုးက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဇေယျာဦးက တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက် သည့် ဥပဒေ၊ နည်းဥပဒေများအား လည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ဝင်းမာဦးက အမျိုးသမီးများအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေး သူငယ်အခွင့်အရေးနှင့် လူမှုရေးပင်စင်ကိစ္စရပ်များကို လည်းကောင်း၊ ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာက ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနအကြောင်း သိကောင်းစရာများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ရှင်းလင်းဟောပြော ဆွေးနွေးကြသည်။
အဆိုပါအခမ်းအနားသို့ တောင်ငူဒေသခံ တိုင်းရင်းသားတိုင်းရင်းသူ (၁၀၀)ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်များမှ တာဝန်ရှိသူ (၂၀)ဦး၊ စုစုပေါင်း (၁၂၀)ဦး တက်ရောက်ခဲ့ပြီး တိုင်းရင်းသားဒေသများ၏ ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကျောင်းပညာ လိုအပ်မှုဆန်းစစ်ချက်စစ်တမ်း ကောက်ယူခဲ့ကြောင်းသိရသည်။
ဇော်ကိုကို (တောင်ငူ)