ကယားပြည်နယ်ဝန်ကြီးချုပ် ဘီလူးချောင်း မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဇူလိုင် ၂၀

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အောင်မြင် အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ် ဝန်ကြီးချုပ် ဦးအံ့မော်သည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က မြို့လယ်ကန္ဒရဝတီ တံတားမှ နမ့်ကွတ်ရေစီးကွေ့အထိ ဘီလူးချောင်းတစ်လျှောက် မြေထိန်းနံရံ အရှည် ၇၀၀၅ ပေ တည်ဆောက်ခြင်းလုပ်ငန်း၊ ရေဝပ်ဧရိယာ ရေစုပ်ထုတ်ခြင်းလုပ်ငန်းနှင့် ဘီလူးချောင်း ကမ်းပါး တစ်လျှောက် အရှည် ၁၈၇၅ ပေ အုတ်ရိုးစီခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရှမ်းစုရပ်ကွက်ရှိ ရှမ်းပိုင်း တံတားနှင့် ဒေါနိုးကူးတံတားကြား ဘီလူးချောင်း မြေထိန်းနံရံတည်ဆောက်လျက်ရှိသည့် လုပ်ငန်းခွင်သို့ ရောက်ရှိပြီး လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက် ၍ ဒေါနိုးကူးရပ်ကွက် စန္ဒာလမ်းတစ်လျှောက် အဖုံးပါ ကျောက်စီရေမြောင်း တည်ဆောက် နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေါနိုးကူးတံတားမှ နမ့်ကွတ်ရေစီးကွေ့ အထိ ဘီလူးချောင်း မြေထိန်းနံရံတည်ဆောက်လျက်ရှိသည့် လုပ်ငန်းနေရာ သုံးခု၌ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် အလေးထား ကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ဒေါနိုးကူးရပ်ကွက်နှင့် မင်းစုရပ်ကွက် အနိမ့်ပိုင်း ရေဝပ်ဧရိယာများတွင် ရေစုပ်ထုတ်နိုင်ရန်အတွက် 50HP မော်တာနှစ်လုံးနှင့် ခြောက်လက်မ PVC ပိုက် သွယ်တန်းခြင်း လုပ်ငန်းနှင့် ရွှေတောင်ရပ်ကွက်ရှိ ကန္ဒရဝတီတံတားမှ ရှမ်းပိုင်းတံတားအထိ ဘီလူးချောင်း ကမ်းပါးတစ်လျှောက် အရှည် ၁၈၇၅ ပေ အုတ်ရိုးစီခြင်း လုပ်ငန်းများ ဆောင်ရွက် နေမှုတို့အားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)