မအူပင် ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ မအူပင်မြို့ရှိ Polytechnic University (Maubin)၌ မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်းအားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ Polytechnic University (Maubin) ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာသန္တာသိန်းမှ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား အဖွင့်အမှာစကားပြောကြားပြီး အားကစားသမားများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ နိုင်ငံတော်အလံအားအလေးပြုခြင်း၊ အားကစားသစ္စာ အဓိဋ္ဌာန် (၄) ချက်အားရွတ်ဆိုခြင်းများပြုလုပ်ခဲ့ကြသည်။ ဆက်လက်၍ Polytechnic University (Maubin) ကျောင်းသူ လေးများမှ အကအလှဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး အဖွင့်ပွဲစဉ်အဖြစ် Pixel United FC အသင်းနှင့် Hyper Volt အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အဆိုပါ မိုးရာသီအားကစားပြိုင်ပွဲတွင် ဘောလုံးအားကစား (အမျိုးသား / အမျိုးသမီး)၊ ပိုက်ကျော်ခြင်းအားကစား၊ ကြက်တောင်ရိုက် အားကစား၊ စားပွဲတင်တင်းနစ်အားကစားနှင့် စစ်တုရင် အားကစား နည်းများပါဝင်ပြီး ဇူလိုင်လ ၂၇ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)